Electrical Power နဲ့ ကျောင်းပြီးထားတော့ ကိုယ့်မြို့  ကိုယ့်ရွာရဲ့  လျှပ်စစ်မီးပေးပုံ သမိုင်းကို လေ့လာထားဖို့တော့ လိုတာပေါ့။
မော်လမြိုင်မြို့ ဟာ အင်္ဂလိပ်လက်အောက်ကို အစောကြီး ကျရောက်ခဲပေမယ့် 1927 အထိ လျှပ်စစ်မီး မရှိသေး ပါဘူး
လျှပ်စစ်မီးနဲ့ ပတ်သက်ရင် ၂၁ ရာစု ရောက်သည့်တိုင် အတော်ကံခေတဲ့ မြို့  ပါ (အခုထက်ထိ မမှန်လိုက် ပျက်လိုက်ဖြစ်နေတုန်းပါပဲ။
1927အထိ မော်လမြိုင်မြို့  မြူနီစပါယ်အဖွဲ့ ရဲ လမ်းမီးပေးပုံမှာ အတော်လေးခေတ်နောက်ကျပါတယ်။မြို့ ရဲ့  အရေးပါတဲ့ နေရာတွေမှာသာ ကွက်ပြီး မီးတိုင်စိုက်ကာ လမ်းမီးပေးခဲပါတယ် (VIP ရပ်ကွက်တွေပေါ့)
မီးတိုင်တွေက ၁၀ ပေလောက်မြင့်ပြီး မီးတိုင်ထိပ်မှာ မီးစာပါသော လေးထောင့်မှန်အိမ်တပ်ဆင်ထားပါတယ် ဓါတ်ငွေ့ နဲ့ မီးထွန်းရပါတယ်။
ဓါတ်ငွေ့  စက်ရုံက ကမ်းနားလမ်းမှာ ရှိပါတယ် ဓါတ်ငွေ့ ဆိုလို့ CNC တို့ LPG တို့ မဟုတ်ပါ အုတ်ကန်ကြီး တစ်ကန်ထဲမှာ FO လောင်စာဆီတွေကို ထည့်ထားပါတယ် သံတုံးကြီးတစ်တုံးကိုရဲရဲတောက်အောင် တနေကုန်မီးဖုတ်ပြီး ညနေရောက်တော့ FO ကန်ထဲကို ပစ်ချလိုက်တယ် အုတ်ကန်ရဲ့  အဖုံးကို လုံအောင်ပိတ်လိုက်တယ် အထဲကထွက်လာတဲ့ ဓါတ်ငွေ့  တွေကို မြေအောက်ပိုက်များနှင့် မီးတိုင်ရှိရာကို သွယ်တန်းထားပါတယ် ညဦးပိုင်းမှာ ကုလားလုပ်သားများက လှေကားထောင်ပြီး တတိုင်ပြီးတတိုင် မီးထွန်းညှိရပါတယ် မနက်မိုးလင်းကျတော့လည်း လှေကားထောင်ပြီး မီးတက်ငြိမ်းရတယ် လုံးဝကိုခေတ်မမှီ တဲ့နည်းပါ။
1927 ရောက်တော့ မော်လမြိုင်မြို့ ကို လျှပ်စစ်မီးနဲ့  အလင်းဆောင်မယ့်သူတစ်ဦး ပေါ်ထွက်လာပါတယ် ထိုသူကတော့ ဦးအုံးဖေပါ
Moulmein Electric Supply Company ကို 30,1,1927 မှာ စတင်တည်ထောင်ခဲ့ပါတယ် ကုမ္ပဏီရဲ့  အရင်းမတည်ငွေက ၄၂၁၄၅၀ ကျပ် ဖြစ်ပြီး အစုရှယ်ရာ ကုမ္ပဏီဖြစ်ပါတယ် မော်လမြိုင် ဟာ အဲဒီအချိန်က စပြီး မြို့  နဲ့  ပိုတူလာတယ်။
ကုမ္ပဏီ ရုံးချုပ်က အမှက် ၁၀၂ အောက်လမ်းမကြီး တွင်ရှိ၍ စာတိုက်သေတ္တာအမှတ် ၂၀ ဖုန်းနံပါတ်မှာ ၄၈ ဖြစ်သည်။ စက်ရုံမှာ သံလွင်မြစ်ကမ်းဘေး မန္တလေးရပ်တွင် ရှိ၍ ဖုန်းနံပါတ်မှာ ၄၉ ဖြစ်သည်။ မော်လမြိုင် ဟော်တယ်၏ အနောက်မြောက် ဘက်တွင်ရှိသည်။
မီးစက်များမှာ 75KW နှင့် 150KW ရေနွေးငွေ့  သုံး မီးစက်နှစ်လုံးဖြင့် လည်ပတ်သည် ထို့အပြင် stand by အနေဖြင့် 250KW ဒီဇယ်ဆီသုံး National အမျိုးစား မီးစက်တစ်လုံးလည်းရှိသေးသည်။
မီးစတင်ပေးစဉ်က လမ်းမီးတိုင် ၁၀၀၀ ကျော်နှင့် လျှပ်စစ်မီးသွယ်သည့်အိမ် ၃၀၀၀ ကျော်အတွက် လုံလောက်ဟန်တူသည်။40W မီးသီးတစ်လုံး ၅ ပဲ ခေတ်တွင် မီတာခမှာ တယူနစ် ၃ မူး ဖြစ်သည်
လမ်းမီးလုံးများကို Philips အမျိုးအစား အိမ်သွယ်တန်းရာတွင် Austin နှင့် GEC မီးသီးနှစ်မျိုးကိုသုံးသည်။မီတာပုံးများမှာ Seaman, Eaw နှင့် Franti အမျိုးအစားတို့ ဖြစ်သည်။
အဲဒီခေတ်က လျှပ်စစ်မီးပြင်သူတို့  ၏ ၀န်ဆောင်မူကိုလည်း ပြောပြချင်ပါသေးသည်။(ယ္ခု ခေတ် EPC နှင့် နှိင်းယှဉ်ကြည့်ပေါ့ဗျာ)
မီးပြင်သူဝန်ထမ်း ၃၀ ရှိသည် မူရင်းလစာ ၆၀ တွင်စ၍ ၈၀ တွင်ဆုံးသည် မီးပြင်သူများကို ၆ လတစ်ကြိမ် ကင်းဗတ် ဖိနပ်တရံနှင့် လက်အိပ်တစုံ ကို ကုမ္ပဏီက အခမဲ့ ပေးသည်။အရေးပေါ်မီးပြင်ရန်အတွက် ကားလေးစီးအဆင်သင့် ထားသည်။ဒိုင်းဝန်ကွင်းတွင် တစီး၊ဈေးကြီးတွင်တစီး၊မောင်ငံတွင်တစီးနှင့် တစီးကို အရံ အဖြင့် ထားသည်။
ကားတစီးတွင် ယာဉ်မောင်းတဦး၊ မီးပြင်သူတဦး နှင့် လှေကားထောင်ထိမ်းသူတဦး စုစုပေါင်း သုံးဦးထားရှိသည်၊ကား၏ဘေးတွင် လှေကားကို ချိတ်ထားသည်။
မီးပျက်၍ ဖုန်းဆက်ခေါ်လျှင် ၁၀ မိနစ် အတွင်းမီးပြင်ကား အရောက်သွားသည်။ (အဲဒီ service မျိုးလွန်ခဲ့သော နှစ်ပေါင်း ၉၀ လောက်က မော်လမြိုင်မှာ တကယ်ရှိခဲ့ တာပါ ပုံပြင်လို့  မထင်လိုက်ကြပါနဲ့  ဗျာ)
မီးပြင်သူက လ္ဘက်ရည်ဖိုး မယူရ ယူလျှင် အလုပ်ပြုတ်သည်။ ( အင်း....အခုခေတ်ကတော့...........................)
ဆက်လက်ဖေါ်ပြပါမည်။
No comments:
Post a Comment